 
					
လျှပ်တစ်ပြက် ၁၉ လမ်း၊ ခေတ်ဟောင်း ခေတ်သစ် ကွာခြားမှုကြားမှာ ဘီယာတစ်ခွက် ဘယ်ဈေးရှိနေပြီလဲ???
ဒီတစ်ခါမှာတော့ MY Yangon Guide အဖွဲ့သူ အဖွဲ့သားတွေဟာ ရန်ကုန်မြို့ ၁၉ လမ်းထဲက မတူတဲ့ ဘီယာဆိုင် ၂ ဆိုင်ကိုဝင်ပြီး တူညီတဲ့အတွဲအဖက် (ဘီယာ ၁ ခွက် + အာလူးချောင်းကြော် ၁ ပွဲ) ကို မှာခဲ့ကြတယ်။ ဒီလို မှာယူပြီးတဲ့အခါ ဆိုင်ရဲ့အနေထားနဲ့ ကျသင့်တဲ့ ဈေးနှုန်းကို ရှိုးခဲ့တဲ့အကြောင်း ဒီဆောင်းပါးမှာ ပြန်ပြီး ဖောက်သည်ချပါရစေ …
အရင်ဆုံး ပြောလိုတာက ဘာလို့ ၁၉ လမ်းကို ရွေးချယ်တာလဲ ဆိုတာပေါ့။ ဒီလိုဗျာ ... ၁၉ လမ်းဆိုတာက ဟိုးအရင့်အရင်ကတည်းက Night Life နာမည်ကျော် စားသောက်ဆိုင်လမ်း။ ခေတ်အဆက်ဆက် သောက်သုံးတဲ့ဘီယာ၊ စားသုံးတဲ့အမြည်းတွေသာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိချင်ရှိမယ်။ ၁၉ လမ်းထဲမှာထိုင်ပြီး ညဘက်အချိန်ဖြုန်းရတဲ့ ပျော်ရွှင်မှုကတော့ မပြောင်းလဲစတမ်း တည်ရှိနေခဲ့တာ ကြာလှပါပြီ။
 
ပြောရမယ်ဆို ဒီဘက်ကာလ ၁၀ နှစ်တာလောက်အတွင်းမှာ ၁၉ လမ်းရဲ့ သိသိသာသာ ပြောင်းလဲလာမှုက အနော်ရထာလမ်းဘက်က ဘားအသစ်တွေပဲ။ ယခင့်ယခင်မှာ ၁၉ လမ်းရဲ့ ဘီယာဆိုင်၊ စားသောက်ဆိုင် အများစုဟာ မဟာဗန္ဓုလလမ်းဘက်ခြမ်းမှာ တည်ရှိခဲ့တာ။ လမ်းရဲ့ တဝက်သာသာလောက်ဆို ဆိုင်တွေ မရှိကြတော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပေါ့။ လင်းထိန်မနေဘဲ ခပ်မှောင်မှောင် အလင်းအောက်မှာ အထမ်းသည်လေးတွေ ရှိချင်ရှိမယ်။ မှတ်မှတ်ရရ အရက်ဖြူပါ ရရှိနိုင်တဲ့ ဘုံဆိုင်လေးရှိမယ်။
အခုကတော့ ညဘက် ၈ နာရီ ၉ နာရီလောက်ဆို အနော်ရထာဘက်ခြမ်းက ဘားတွေမှာ မီးဆလိုက်တွေက ပြိုးပြိုးပြက်ပြက်၊ ဝူဖာတွေရဲ့ ဘေ့စ်အသံက ငြိမ့်ငြိမ့်ညောင်းညောင်း၊ မြူးကြွတဲ့ တီးလုံးသံတွေကြား လိုက်ပါစီးမျောကြတဲ့ လူငယ်တွေနဲ့ ၁၉ လမ်းရဲ့ တစ်ဖက်ခြမ်းဟာ စည်ကားသိုက်မြိုက်လို့ပေါ့။
 
ဒီတော့ ယခုတိုင်အောင် ယခင်ကလို တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတဲ့ စားသောက်ဆိုင်တွေနဲ့ မော်ဒန်ခေတ်ရဲ့ ပြယုဂ် မြူးမြုးကြွကြွ ဘားတွေကြား တူညီတဲ့အတွဲအဖက် (ဘီယာ ၁ ခွက် + အာလူးချောင်းကြော် ၁ ပွဲ) ဟာ ဘယ်လိုဈေးနှုန်း မတူလဲ တစ်ချက် ရှိုးလိုက်မယ်ဆိုရင် -
လေ့လာတွေ့ရှိချက်အရ ဤနှစ်မျိုးကြားတွင် ဈေးနှုန်း ၅၀၀ ကျပ်ခန့်သာ ကွာခြားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဖန်တီးထားတဲ့ ညဘက်အတွေ့အကြုံ (Experience) ဟာ အသက်အရွယ်နဲ့ လိုအပ်ချက်ကို လိုက်ပြီး လုံးဝကွဲပြားနေတာကို တွေ့ရပါမယ်။ MY Yangon Guide အဖွဲ့သူ အဖွဲ့သားတွေ ရွေးချယ်ခဲ့တဲ့ ဆိုင် ၂ ဆိုင်ထဲက ရိုးရာဘီယာဆိုင်မှာ Tiger စည်ဘီယာတစ်ခွက်ဟာ ၃,၀၀၀ ကျပ် ကျသင့်ပြီး ခေတ်မီတဲ့ ဘားမှာ ၃,၅၀၀ ကျပ် ကျသင့်ပါတယ်။ အာလူးချောင်းကြော်တစ်ပွဲရဲ့ ဈေးနှုန်းမှာလည်း ၆,၀၀၀ ကျပ်နဲ့ ၆,၅၀၀ ကျပ်ပဲ ဖြစ်တယ်။ ဒီဈေးနှုန်းကွာခြားချက် ၅၀၀ ကျပ်က ငွေရှင်းဘောက်ချာစာရွက်ပေါ်မှာ မများတဲ့ပမာဏ အနည်းငယ်သာ ဖြစ်သော်လည်း အဲဒီပမာဏဟာ စားသုံးသူကို မည်သည့် "ထပ်ဆောင်းတန်ဖိုး (Added Value)" ကို ဝယ်ယူ ရရှိစေသလဲ ဆိုတာကို လေ့လာကြည့်ရအောင်လား ...
 
ရိုးရာဆိုင်များမှာ စားသောက်မှုအတွက်သာ ငွေပေးချေရတဲ့ပုံစံပါ။ သာမန်ဈေးနှုန်းနဲ့ ညဘက် လမ်းဘေးယဉ်ကျေးမှုကို ဈေးနှုန်းချိုသာစွာ ခံစားခွင့်ရတယ်ပေါ့။ ဆိုင်အပြင်အဆင်က ရိုးရှင်းတယ်။ စားပွဲတွေ ထိုင်ခုံတွေကလည်း သီးသန့် မဆန်ဘူး။ မီးရောင်တွေကလည်း ပုံမှန် အိမ်သုံးမီးချောင်းတွေပဲဖြစ်ပြီး တေးဂီတလည်း မဖွင့်ထားတာက များပါတယ်။ ဒါတွေက ဘဝနေထိုင်မှုမှာ နေ့စဉ်နှင့်အမျှ ဖြတ်သန်းနေကျ ပုံစံမျိုးပါပဲ။ ဒီအတွက် စားသုံးသူကို သက်သောင့်သက်သာရှိမှု (Comfort) ကို ပေးစွမ်းတယ်။ စပီကာသံ ဆူညံခြင်းမရှိဘဲ လမ်းသွားလမ်းလာများနဲ့ ပတ်ဝန်းကျင်အသံများကြားမှာ စကားအေးဆေး ပြောဆိုလို့ရတယ်။ ဒါဟာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများ၊ ဆိုင်ထိုင်ရင်း အလုပ်အကြောင်း ပြောချင်သူများ၊ စကားဖောင်ဖွဲ့ပြောလိုတဲ့ သူငယ်ချင်းတွေအတွက် အထူးသင့်လျော်တဲ့ ညနေခင်းတစ်ခုကို ဖန်တီးပေးထားတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။
မော်ဒန်ဆန်တဲ့ ခေတ်မီဘားတွေမှာ အပိုပေးရတဲ့ ၅၀၀ ကျပ်ဟာ ဘီယာနဲ့ အမြည်းအတွက် သက်သက်ချည်းတော့ မဟုတ်ဘူး။ "ခံစားမှုအတွေ့အကြုံ (Emotional Experience)" အတွက် ပေးလိုက်ရတဲ့ ဝန်ဆောင်ကြေးသဘောမျိုး ဆိုရင် ရနိုင်တယ်။ အဲ့ဒီဆိုင်တွေမှာ Lighting effects များ၊ ခေတ်မီတဲ့ဒီဇိုင်းနှင့် သေချာပြင်ဆင်ထားတဲ့ စားပွဲ/ထိုင်ခုံများကို အသုံးပြုထားတာကြောင့် Visual Aesthetics ကို အသားပေးပါတယ်။ ဒါ့အပြင် သီချင်းကို အသံထွက်ကောင်းတဲ့ စပီကာတွေနဲ့ ဖွင့်ထားခြင်းကြောင့် မြူးကြွတဲ့ ခံစားမှု (Uplifted Mood) ကို ရရှိစေမှာပါ။ ဒီလို ခေတ်မီပြီး လန်းဆန်းနေကြတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို ရွှင်မြူး တက်ကြွစေတာကြောင့် ညဘက် အားလပ်ချိန်ကို ပျော်ရွှင်မှုအပြည့်နဲ့ ဖြတ်သန်းလိုသူ လူငယ်များနဲ့ ဒီဆိုင်တွေကမှာပဲ ရရှိနိုင်တဲ့ အထူးပြုခံစားမှု (Exclusivity) ကို တန်ဖိုးထားသူများအတွက် အင်မတန်မှ သင့်တော်ပါတယ်။
 
အကြမ်းအားဖြင့် အနှစ်ချုပ်ရမယ်ဆိုရင် ၁၉ လမ်းထဲက မတူတဲ့ Vibe ၂ မျိုးနဲ့ ဝန်ဆောင်မှု ပေးနေကြတဲ့ ဆိုင်နှစ်မျိုးဟာ တစ်ဖက်နဲ့တစ်ဖက် စားသုံးသူတွေကို အပြိုင်ဆွဲဆောင်နေတယ် ဆိုတာထက် စားသုံးသူရဲ့ မတူညီတဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခြင်းဆိုရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ မူလလက်ဟောင်း ဆိုင်တွေမှာ Tiger စည်ဘီယာတစ်ခွက်ကို ၃,၀၀၀ ကျပ် တန်ဖိုးနဲ့ သောက်သုံးရင်း ရန်ကုန်မြို့လယ်ရဲ့ Simple Night Life ခံစားမှုကို အေးချမ်းစွာ စီးမျောနိုင်ပါတယ်။ ခေတ်မီတဲ့ဘက်က ဘားတွေမှာတော့ Tiger စည်ဘီယာတစ်ခွက် ၃,၅၀၀ ကျပ်နဲ့အတူ ခေတ်ရေစီးကြောင်းအတိုင်း Lighting၊ Music တို့ဖြင့်နဲ့ သစ်လွင်တဲ့ ဆန်းသစ်မှု (Innovation) ၏ တန်ဖိုးကို ပျော်ရွှင်စွာ ကိုယ်စားပြုနိုင်ပါတယ်။
*** ဖော်ပြပါ ဘီယာနဲ့ အမြည်းဈေးနှုန်းတွေဟာ MY Yangon Guide အဖွဲ့သူ အဖွဲ့သားတွေ ရွေးချယ်ခဲ့တဲ့ ဆိုင်နှစ်ဆိုင်ရဲ့ ဈေးတွေသာဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ ဈေးထက်လျော့တဲ့ဆိုင်များ ရှိနိုင်သလို ပိုမိုများပြားသောဈေးနဲ့ ရောင်းချတဲ့ဆိုင်များလည်း ရှိနိုင်ပါတယ်။
ဒီတော့ ဘယ်အရွယ်ပဲဖြစ်ပါစေ၊ ကျား မ မရွေး … ၁၉ လမ်းထဲမှာ မိတ်ဆွေရဲ့ ကိုယ်ပိုင် ညဘက် ပျော်ရွှင်မှုကို နှစ်သက်ရာ ပုံစံနဲ့ ရှာဖွေခံစားလို့ ရနိုင်ပါတယ်။ ယခုအခါမှာ ရန်ကုန်မြို့ပြ ညဘက်ယဉ်ကျေးမှုဟာ ရိုးရာဓလေ့ကို ထိန်းသိမ်းရင်း ခေတ်မီမှုနဲ့ ပေါင်းစပ်ကာ ဖွံ့ဖြိုးတိုးတက်နေတာကို ၁၉ လမ်းက အရှင်းဆုံး သက်သေပြနေတယ်ဆိုရင်လည်း မမှားပါဘူး။

မိတ်ဆွေရော ၁၉ လမ်းမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ဖြစ်တယ်ဆိုရင် ဘယ်ဆိုင်ထိုင်ကြသလဲ ???
Read 150 times