Entertainment

နိုင်ငံတကာရုပ်ရှင်အညွှန်း The Bride 2025

International Movie Review: The Bride (2025)

သောကြာနေ့မှာ ရုံတင်ပြသတော့မဲ့ "The Bride" ဆိုတဲ့ ထိတ်လန့်သည်းဖို ရုပ်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ သာမန်ထိတ်လန့်သည်းဖိုကားတွေနဲ့ မတူဘဲ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေအတွက် ထူးခြားတဲ့ ရသတစ်ခုကို ပေးစွမ်းနိုင်မှာပါ။

 

ဇာတ်လမ်းကတော့ ဗီယက်နမ်သူလေး "Yen" တစ်ယောက် သူ့ရဲ့ချစ်သူ ထိုင်းနိုင်ငံက သူဌေးသား "Bank" နဲ့ လက်ထပ်ဖို့အတွက် ထိုင်းနိုင်ငံက သူတို့မိသားစုအိမ်ကို သွားရောက်လည်ပတ်ရာကနေ စတင်ပါတယ်။ အစပိုင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေးတစ်ခုလို့ ထင်ရပေမဲ့ Bank တို့  မိသားစုရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ၊ လျှို့ဝှက်ချက်တွေကြောင့် Yen တစ်ယောက် သံသယတွေ စပြီးဝင်လာပါတော့တယ်။ အထူးသဖြင့် Bank ရဲ့ မိခင်က မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းမင်္ဂလာဝတ်စုံကို အလွန်အမင်း တန်ဖိုးထားပြီး Yen ကို ထူးဆန်းစွာ ဆက်ဆံပါတယ်။ Yen တစ်ယောက် အဲဒီမင်္ဂလာဝတ်စုံကို ဝတ်ဆင်လိုက်တဲ့အခါမှာတော့ သရဲတစ္ဆေတစ်ကောင်ရဲ့ ခြောက်လှန့်မှုတွေ၊ ထူးဆန်းတဲ့ အိပ်မက်ဆိုးတွေနဲ့ ကြုံတွေ့လာရပါတော့တယ်။ Bank တို့ရဲ့ မိသားစုမှာ ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလဲ။ Yen တစ်ယောက်ကရော ဒီအန္တရာယ်တွေကြားကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲဆိုတာကိုတော့ "The Bride"  ရုပ်ရှင်မှာ သည်းထိတ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမှာပါ။

 

ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ၊ သစ္စာဖောက်မှု၊ သဘာဝလွန် ဖြစ်ရပ်ဆန်းကြယ်မှုတွေကို ထိုင်းနဲ့ ဗီယက်နမ် ယဉ်ကျေးမှုတွေ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်လို့ နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေအတွက် Horror အရသာအသစ်တစ်ခုကို ခံစားရမှာပါ။ ဒါ့အပြင် ရုပ်ရှင်ရဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ကြည့်ရှုဖို့ ထိုက်တန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

 

MY Yangon Guide ရဲ့ သုံးသပ်ချက်

"The Bride" ဟာ သာမန်ထိတ်လန့်သည်းဖိုကားတွေနဲ့ မတူဘဲ စိတ်ပိုင်းဆိုင်ရာခြောက်လှန့်မှုတွေကိုပါ ခံစားရစေမယ့် Psychological Horror အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ပြီးသွားတဲ့နောက်မှာတောင် ဇာတ်လမ်းနဲ့ပတ်သက်ပြီး အတွေးနယ်ချဲ့စရာတွေ ကျန်ခဲ့စေမှာဖြစ်လို့ Horror ကားကောင်းကြိုက်တဲ့ ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ပါတယ်နော် … 

 

The Bride (2025)

.

⇐ Previous

Read 61 times